Saturday, March 24, 2012
တဂိုး၏ ကဗျာ (၉) ပုဒ် (စဆုံး)
၁။ စမ်းရေပေါ်တင်ပြီး စက္ကူလှေတို့ကို
နေ့စဉ်ရက်ဆက် ကျနော် မျှောခဲ့သည်။
ကျနော့်အမည်နှင့် ကျနော့်ကျေးရွာကိုလည်း
စက္ကူလှေပေါ်မှာ စာလုံးနက်နက်ဖြင့် ကျနော်ရေးခဲ့သည်။
တစ်ကျွန်းသား တစ်ပြည်သားတို့သည်
ထိုသို့ဖြင့်
ကျနော့်ကို သိလာကြလိမ့်မည်ဟု မျှော်လင့်၏။
ခြံမှာပွင့်သည့် ဆိတ်ဖလူးပန်းတို့ကိုလည်း
လှေငယ်ပေါ်မှာ ဆင့်တင်မျှောလွှတ်ခဲ့၏။
အရုဏ်ဦးမှာပွင့်သော ထိုပန်းတို့သည်
ညဥ့်အချိန်မှာတော့ ကမ်းကိုဆိုက်ရောက်လိမ့်မည်ဟု
ကျနော် ထင်သည်။
ကောင်းကင်ကို ဦးမော့ကြည့်သောအခါ
ဖြူဆွတ်ရွေ့မျောနေသောတိမ်ရွက်များကို
ကျနော်မြင်၏။
ကျနော်နှင့်ပြိုင်ရန် ကျနော့်လှေများနှင့်ပြိုင်ရန်
ကစားဖော်တစ်ဦးဦးက
သူတို့ကို လွှတ်တင်လိုက်ခြင်းဖြစ်မည်။
မည်သူမှန်းတော့ ကျနော်မသိချေ။
သန်းခေါင်ယံ၏ ကြယ်ရောင်ပျပျအောက်မှာ
ကျနော့်လှေတို့သည် လွင့်မျောလှပနေလိမ့်မည်။
ထိုသို့ပင် အတွေးနှင့် အိပ်ရာဝင်ဖြစ်သည်။
အိပ်မွေ့ချတတ်သောနတ်သမီးကလည်း
အိမ်မက်ခြင်းတောင်းကြီးများကို ပိုးကာ
ကျနော့်လှေများနှင့်အတူ
ရွက်လွှင့်နေဦးမည် ဖြစ်သည်။
၂။ ကျနော်နှင့်တရွေ့ရွေ့နီးကပ်ရာသို့
မည်သည့်အချိန်မှ စတင်ပြီး သူလာခဲ့ပါသနည်း။
ကျနော် မသိခဲ့ချေ။
နေဝန်းနှင့် ကြယ်ရှူး ကြယ်ပျောက်များကလည်း
သူ့ကို ကျနော်မမြင်အောင်သိုဝှက်နိုင်ခြင်းမရှိခဲ့။
နံနက်ဦးပေါင်းများစွာ ညနေရီပေါင်းများစွာ
သူ့ခြေသံကို ကျနော်ကြားနေရသည်။
ကျနော့်နှလုံးအိမ်ထဲသို့
သူ့စေတမန်ဝင်ရောက်လာ၏။
ထို့နောက် ကျနော့်ကို
တိတ်တိတ်ကလေးခေါ်လေသည်။
ထိုသောနေ့မှာမှ အဘယ့်ကြောင့်
ကျနော့်ဘဝသည်
လှုပ်လှုပ်ယိမ်းယိမ်းဖြစ်ရပါသနည်း။
ပျော်ပျော်လွင့်လွင့် တုန်ရီခံစားမှုတို့ကလည်း
အဘယ့်ကြောင့် ကျနော့်နှလုံးအိမ်ကို
ဖြတ်ဖောက်စီးဆင်းသွားပါသနည်း။
ကျနော်မသိချေ။
အိမ်ပြန်ရမည့်အချိန်မှာပင်လျှင်
လေမှာစီးပျံ့သောချစ်သူရနံ့ကို
သန့်သန့်ကလေး ရနေလေတော့၏…။
၃။ သူ့မွှေးရနံ့နှင့်သူ ရူးသွပ်ပြီး
တောကြီးမျက်မည်းမှာ ပြေးလွှားနေရသည့်
ကတိုးကောင်လို
ကျနော်သည် ပြေးလွှားနေမိ၏။
ပြေညင်းသော လေကလည်း
တောင်အရပ်မှ စီးဝင်တိုက်ခတ်လာ၏။
ဝေ့လည်ဝဲချာပြီး
ကျနော် လမ်းပျောက်သွားတော့သည်။
မရှာဖွေတာကို ရရှိခဲ့သည်။
ကျနော်၏တစ်ကိုယ်ရေနှလုံးသားရုပ်ပုံများသည်
မြူးတူးခုန်ပေါက်နေကြ၏။
စူးလက်ပြိုးဝင်းနေခဲ့၏။
ဖမ်းဆုပ်ကိုင်တွယ်ဖို့ ကျနော်ကြိုးစားသော်လည်း
လွတ်ချော်ထွက်မြောက်သွားခဲ့၏။
မှားသောလမ်းသို့ ခေါ်ပို့သည်။
ကျနော်သည်
မရနိုင်တာကို ရှာဖွေပြီးသည့်နောက်
မရှာဖွေတာကို ရရှိခဲ့သည်…။
၎။ ချစ်သူကသာ ခွင့်ပြုမည်ဆိုလျှင်
ကျနော်၏ တေးသွားကို
ရပ်ထားလိုက်ပါမည်။
ချစ်သူ၏ နှလုံးအိမ်ကို
ရုန်းကြွစေမည်ဆိုလျှင်
ကျနော့်မျက်လုံးများကို
သူ့မျက်နှာမှ အဝေးသို့ဖယ်ခွာပေးပါမည်။
ကျနော်ရှိနေသည့်အတွက်ကြောင့်
ချစ်သူသည် သွားလမ်းမှာပင်ပန်းရသည်ဆိုလျှင်
ဘေးဘီကိုရောက်သည်အထိ
အခြားလမ်းမှ ကျနော်လျှောက်ပါမည်။
ချစ်သူပန်းကုံးသီရန်
အနှောင့်အယှက်ဖြစ်ရသည်ဆိုလျှင်
သူ၏ပန်းတောမှ ဝေးရာသို့
ကျနော် ယို့ယိမ်းထွက်ခွာပေးပါမည်။
ချစ်သူ၏ ရေပြင်အလျဉ်ကို
လှိုင်းတို့ဖြင့် တိမ်းမှောက်ပျို့အန်စေသည်ဆိုလျှင်
သူ၏ကမ်းခြေမှ
ကျနော် လှော်တက်ကို လွှတ်ချလိုက်ပါမည်…။
၅။ မီးအိမ်ကား ငြိမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ပြင်းရှစွာ တိုက်ခတ်နေသောလေမှ
လူးလွန့် လွတ်မြောက်နိုင်ရန်အတွက်
ဝတ်ရုံကိုဖြန်းပြီး
သူ့အတွက် ကျနော် ကွယ်ကာပေးခဲ့သည်။
ထို့ကြောင့်ပင်လျှင်
မီးအိမ်ကား ငြိမ်းခဲ့ရ၏။
မုံပန်းကား နွမ်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ကျနော့်နှလုံးအိမ်အတွင်းမှာ
ချစ်မြတ်စွာ သူ့ကို
ဖိကပ်သိမ်းဆည်းထားခဲ့၏။
ထို့ကြောင့်ပင်လျှင်
မုံပန်းကား နွမ်းခဲ့သည်။
စမ်းရေကား ခန်းခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
သူ့ရေစီးကြောင်းကို ဖြတ်တောက်ကာ
ကျနော့်အတွက် ရေကာတာတစ်ခုတည်ဆောက်ခဲ့၏။
ထို့ကြောင့်ပင်လျှင်
စမ်းရေကား ခန်းခဲ့သည်။
စောင်းကြိုးကား ပြတ်ခဲ့ပြီ။
အဘယ်ကြောင့်ပါနည်း။
ဤစောင်းကား မတတ်မြောက်သောဂီတကို
ကျနော့်အတွက် ဆွတ်ယူခြွေချခဲ့ပါ၏။
ထို့ကြောင့်ပင်လျှင်
စောင်းကြိုးကား ပြတ်ခဲ့သည်…။
၆။ ကျနော် ထွက်ခွာရတော့မည်။
ကြေကွဲလှိုက်မောဖွယ်ရာ ကာလများသည်
ကုန်းမြေပေါ်မှာ ပဲ့ကြွေကျန်ရစ်ခဲ့ပြီ။
နွေဦးရာသီသည် ပန်းတို့ကိုပွင့်အောင်
ဖွင့်ပေးခဲ့သည်။
ယခုကား အနားယူလေပြီ။
ကျနော့်မှာသာ ရင့်ရော်သောပန်းတစ်ဆုပ်နှင့်
အိမ်မပြန်နိုင်ဖြစ်ရသည်။
လှိုင်းတွေက ညိုးညံရိုက်ဟည်းလေပြီ။
ကမ်းပါးကိုသွယ်ပတ်ထားသည့်
သစ်ရိပ်ဝေဝေလမ်းကလေးတွင်လည်း
ရော်ရွက်တို့ ပြုတ်ကျလာပြီ။
မိတ်ဆွေ..ဘာ့ကြောင့်ငေးငိုင်နေပါသနည်း။
သင့်အကြည့်တို့က ဘယ်ဆီမှာ စိုက်ဝင်နေသနည်း။
ကမ်းတစ်ဖက်စီမှ မျောလာသောအဝေးတေးသံနှင့်
လေထုမှာ စိုစွတ်ပါဝင်လာသည့် ရင်ခုန်သံကို
သင်… မခံစားရလေသလော….။
၇။ နေဝင်တော့မည်။
အရိပ်တို့လည်း မြေဆီမှာ ညွတ်တွားကြပြီ။
ချောင်းသို့သွား၍ ခရားတွင် ရေဖြည့်ရန်
ကျနော့်အတွက်ကတော့ အချိန်တန်ပြီ။
ညနေခင်း၏လေသည်
ချောင်းရေ၏ ဂီတမှုန်ရီကို ခံမင်နေ၏။
တိတ်ဆိတ်သောလမ်းမှာ
လာသူ သွားသူတို့ မရှိကြချေ။
လေထန်၏။
မြစ်ထဲမှာ လှိုင်းတွေ ဝေ့လိမ့်ချီကြွနေ၏။
အိမ်သို့ ပြန်နိုင်ပါမည်လော။
မည်သူနှင့်ဆုံတွေ့ခွင့်ရနိုင်မည်ကိုလည်း
ကျနော်မသိ။
ရေတိမ်ဆိပ်မှ လှေငယ်တစ်စင်းပေါ်မှာ
အမည်မသိလူတစ်ယောက်က
ပုလွေသံကို ပေးနေလေသည်။
၈။ ဦးညွတ်ကာ
အားလုံးကို ကျနော်နှုတ်ဆက်ခဲ့ပါသည်။
ညီအစ်ကိုတို့…
ကျနော့်အားလည်း မေတ္တာပို့ကြပါလေ…
ဟောဒီမှာ…
ကျနော့်ရဲ့ အိမ်သော့ကို ပြန်ပေးခဲ့ပါပြီ။
ကြင်နာခြင်းနှင့် ပြန်လည်နှုတ်ဆက်ခြင်းကိုသာ
သင်တို့ထံမှ တောင်းဆိုလိုပါသည်။
ကျနော်တို့သည် အိမ်နီးချင်းများအဖြစ်
နှစ်ပေါင်းကြာခဲ့၏။
ကျနော်ကား အပေးထက် အယူများခဲ့သည်။
နံနက်ခင်း၏ အလင်းသည်
ကျနော်ထွန်းသော အမှောင်ထောင့်ချိုးမှ
မီးအိမ်ကို ငြိမ်းစေ၏။
ခေါ်သံကို ကြားရလေပြီ။
ကျနော်သည်လည်း…
သွားရန် အသင့်ဖြစ်ချေပြီ။
၉။ အို…ဘုရားသခင်
စီးသွယ်ခြင်းမရှိသော မိုးရိပ်များဖြင့်
နိမ့်ဝပ်တွဲခိုသော ဂျူလိုင်တိမ်တစ်ဆုပ်လို
ကျနော့်စိတ်နှလုံးသည် သင့်တံခါးဝတွင်
တွဲခိုရပါလို၏။
ကျနော်…ဦးနှိမ်ချပါ၏။
အို…ဘုရားသခင်
ကျနော်၏
ဂီတရစ်သမ် အထပ်ထပ်ကို
တစ်ခုတည်းအဖြစ်
ရုန်းစုသွယ်ဆက်ကာ တစ်ခုသောပင်လယ်မှာ
စီးပျော်ဝင်ရောက်ရပါလို၏။
ကျနော်…ဦးနှိမ်ချပါ၏။
အို…ဘုရားသခင်
တောင်ပေါ်မှ
မိမိ၏ အသိုက်ရှိရာသို့
နေ့ရော ညပါ
ပျံသန်းလိုက်ပါလာသည့် ကြိုးကြာအုပ်နှယ်
ကျနော့်ဘဝသည်လည်း
နားခိုရာဆီ ခရီးဆက်နိုင်ရပါလို၏။
ကျနော် ဦးနှိမ်ချပါ၏။
ကျနော်…ဦးနှိမ်ချပါ၏။ ။
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
Popular Posts
-
Windows Phone အသုံးပြုသူတွေ Windows Phone ပေါ်ကနေ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို Text Message ပေါ်ကနေ သင့်သူငယ်ချင်းအပေါင်းအသင်းတွေဆီ...
-
YouWave Android Home 4.0.2 crack Playing with the Android emulator on your computer is a pretty geeky endeavor, but YouWave mak...
-
Software ကို Install ပြီးရင် ပေးထားတဲ့ Patch ဖိုင် copy ယူ C/Program Files/CyberLink/PowerDVD13 ထဲ paste ချပါ။ patch ...
-
Windows Phone အသုံးပြုတဲ့သူတွေအတွက် သူငယ်ချင်းတို့အသုံးပြုတဲ့ PCနဲ့ Windows Phone ကို ချိတ်ဆက်ဖို့ အတွက် ဒီအတိုင်းချိတ်ဆက်တယ်ဆိုရင် ဘယ...
-
mediafire RarPassword : phonemyintkyaw Windows 8 သမားအတွက် အဆင်ပြေဆုံး Activator တခုလို့ပြောရမှာပဲ။တခြား Activator နဲ့အဆ...
-
Nokia X, X+ and XL များကို root ဖောက်ခြင်း Play Store & Google Now Launcher ထည့် ကြမယ် နန်းကျဘုရင် nokia ရဲ့ တစ်ကျော့် ပြန်ခရီးဆိ...
-
A lot of people thought that if Windows Phone 7 failed to make an impact in the smartphone market, this might spell the end of Microsoft’s ...
-
Download Manager Download Bazar Fast Download Manager Loader Droid Easy download manag...
-
WinDriver Ghost Enterprise Edition v3.02.2996 Multilingual Incl Serial
No comments:
Post a Comment